တပ်ကုန်းမြို့နယ်တွင် မန်ကျည်းတန်းရေလျှံကွင်း၌ ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်

တပ်ကုန်း ဇွန် ၃၀

နေပြည်တော်တပ်ကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ ရွေးစုကျေးရွာအုပ်စု၊ ဆည်ထိပ်ကျေးရွာအနီးရှိ မန်ကျည်းတန်းရေလျှံကွင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ရာတွင် ရေဆင်းငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော ငါးမြစ်ချင်းသားပေါက် ကောင်ရေ(၅)သိန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးနှင့်ဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက  မန်ကျည်းတန်းရေလျှံကွင်းအတွင်း လွှတ်ပေး၍ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ငါးသယံဇာတတိုးပွားလာပြီး ငါးထုတ်လုပ်မှု တိုးတက်စေရေး၊ ငါးမျိုးများ မပြုန်းတီးစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများကို ပိုမိုစားသုံးနိုင်စေရေး ရည်ရွယ်ချက်များဖြင့် ငါးသားပေါက်များကို သဘာဝမြစ်ချောင်းများနှင့် ဆည်တမံများအတွင်းသို့ နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်