နမ့်စန်(တ) ဇွန် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁ ခုနှစ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ အမှတ်(၁)ကျေးရွာရှိ Eleven Futsal Stadium ကွင်းတွင် ကျင်းပခဲ့သည်။
ဗိုလ်လုပွဲကို အမှတ်(၂)ရပ်ကွက် ဖူဆယ်ဘောလုံးအသင်းနှင့် အမှတ်(၄)ရပ်ကွက် ဖူဆယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အမှတ်(၂)ရပ်ကွက် အသင်းက ၇ ဂိုး ၅ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ရန်ပုံငွေထည့်ဝင်လှူဒါန်းပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးစိုင်းလှိုင်ဝန်းနိုင်နှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အသင်းသားများကို တစ်ဦးချင်းဆုတံဆိပ်များနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပထမရရှိသော အမှတ်(၂)ရပ်ကွက် ဖူဆယ်အသင်းကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး က ပထမ ဆုဖလားနှင့် ဆုငွေကို လည်းကောင်း၊ ဒုတိယ ရရှိသော အမှတ်(၄)ရပ်ကွက် ဖူဆယ်အသင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်က ဆုဖလားနှင့် ဆုငွေကို လည်းကောင်း၊ တတိယ ရရှိသော နမ့်မော်ခေါက်ဆင့်ကျေးရွာ ဖူဆယ်အသင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးက ဆုဖလားနှင့် ဆုငွေများကိုလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် ဖူဆယ် ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်