မိတ္ထီလာတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ အခြေခံသင်တန်း ဆင်းပွဲကျင်းပ

မိတ္ထီလာ ဇွန် ၃၀

မိတ္ထီလာမြို့နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ အခြေခံ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မိတ္ထီလာ)ရှိ အစည်းအဝေးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အမှာစကား ပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မိတ္ထီလာ )မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်း ပညာရပ်များကို အသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီး စျေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်၊ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်ကို တက်ကျွမ်းပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်၍ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ပြီး စက်ချုပ်နည်းပညာ အခြေခံသင်တန်းကို နှစ်စဉ်အခမဲ့ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝတို့က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူ မသဇင်နွယ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ စက်ချုပ်နည်းပညာ အခြေခံသင်တန်းကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်ခဲ့ရာ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များမှ သင်တန်းသူ (၂၅)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်