သီပေါ ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ဝက်ဝံယာယီပျံကျဈေးအား ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ တစ်ပတ်ကြာ ယာယီပိတ်၍ မြို့မဈေးကြီးအား အလှည့်ကျစနစ်ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။
သီပေါမြို့ဝက်ဝံယာယီပျံကျဈေးအတွင်း ဈေးသည်တစ်ဦးထံမှ ဇွန်လ၂၇ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသဖြင့်မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ အဆိုပါ ဈေးအား ပိုးသတ်ဆေး ဖျန်းခြင်းဆောင်ရွက်ခဲ့ပြီးတစ်ပတ်ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြို့မဈေးကြီးအတွင်းရှိ ဆိုင်ခန်းများအား အလှည့်ကျစနစ်ဖြင့် ဖွင့်လှစ်ရန်စီစဉ်ထားရှိကြောင်း သိရ သည်။
သီပေါမြို့ပေါ်တွင် ဇွန်လ ၂၉ ရက်နေ့အထိ ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၄၀)ဦးရှိပြီး ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ခင်လေး(ပြန်/ဆက်)