ရမည်းသင်း ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သဲကွဲအုပ်စု၊ ပြတိုက်ကျေးရွာ၌ ယနေ့ နံနက်၀၁:၁၅ အချိန်ခန့်က အောင်ပန်းမှ နေပြည်တော်သို့ ရန်ကုန် မန္တလေး လမ်းဟောင်းအတိုင်း မောင်းနှင်လာသော FUSO အပြာရောင် (၆) ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက် တမာပင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းတို့ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၅) ဦး ၊ အုပ်ချုပ်မှုယာဉ် (၁)စီး ၊ မီးငြိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ယာဉ်ပေါ်ပါ (၄) ဦးအနက် ယာဉ်မောင်းနှင့် ပွဲရုံအလုပ်သမားဖြစ်သူ နှစ်ဦးတို့ (သေဆုံး)ပြီး ကျန်နှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြကြောင်းသိရသည်။
ဒဏ်ရာရရှိသူများကို ရွှေသင်းနာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်ဖြင့် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်းနှင့် ယာဉ်မောင်းအား ရဲအုပ် မျိုးအောင်ထွန်းမှ တရားလိုပြုလုပ်၍ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက် (ရမည်းသင်း)