ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ 

စစ်တွေ  ဇွန်  ၂၉ 

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ယနေ့နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ညှိနှိုင်းအစည်းအဝေးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေး ဦးစီးကော်မတီ၊ နာယက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းခြင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းတို့သည် ဗုဒ္ဓဘာသာဝင်များအတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ဘာသာရေးအခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့်ကာလဖြစ်သည့်အတွက်ကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဘာသာရေးအခမ်း အနားဖြစ်သည့်အတွက်ကြောင့် အနှစ်သာရရှိရှိဖြင့် အောင်မြင်အောင်ကျင်းပနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်းနှင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့်လည်း ယခင်နှစ်များတွင် ကျင်းပခဲ့သော အတွေ့ အကြုံများဖြင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ၊ လိုအပ်ချက်များကို အကြံပြုတင်ပြ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေး ဦးစီးကော်မတီ၊ အတွင်းရေးမှူးနှင့်တွဲ ဖက်အတွင်းရေးမှူးတို့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပမည့်ကိစ္စများနှင့်ပတ်သက်၍ရှင်း လင်းတင်ပြကြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့ကမိမိတို့  လုပ်ငန်းကော်မတီအလိုက် တာဝန်ယူဆောင်ရွက်သွားမည့်အစီအမံများ ယခင်နှစ်များတွင် ကျင်းပခဲ့ သော အခမ်းအနားများ၏ အားသာချက်၊ အားနည်းချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ဦးစီးကော်မတီနာယက၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ဆွေးနွေးညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

တင်ထွန်း