မိတ္ထီလာ ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အမှာစကား ပြောကြားရာတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများ၊ နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် သတင်းမှန်များ သိရှိနိုင်စေရန် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကိုဗစ်-၁၉ တတိယလိုင်းဖြစ်ပွားစဉ်ကာလ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူများထားရှိနိုင်ရန် ကိုဗစ်စင်တာများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ခရိုင်အတွင်း ကိုဗစ်-၁၉နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ထားရှိဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို တင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက နိဂုံးချုပ် ပြောကြားရာတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြပါရန်၊ မိတ္ထီလာခရိုင်အတွင်း ကိုဗစ်-၁၉နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးဂိတ်များကို သီးကုန်းအမြန်လမ်း စစ်ဆေးရေးဂိတ်နှင့် တောင်ကြီး-မိတ္ထီလာသွား ကားလမ်းရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ် တို့တွင် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရာတွင် တာဝန်ကျ ဌာနဆိုင်ရာများမှ သွားရောက် ထမ်းဆောင်ကြရန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ဌာနမှ ဝန်ထမ်းများအား နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် သတင်းမှန်များကို သိရှိနိုင်အောင် ဆက်လက် ဆောင်ရွက်ပေးကြပါရန် ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်