သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး Mask Campaign ပြုလုပ်

သထုံ    ဇွန်    ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ပူးပေါင်းကာ နေအိမ်ပြင်ပ သွားလာသူများ ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပညာပေး Mask Campaign ကို လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။

Mask Campaign တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်‌မောင်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စံကျော်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးဇော်မင်းနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီ၀င်များက သထုံမြို့မဈေး၊ သုဝဏ္ဏဈေး အတွင်းနှင့် ဈေးဝန်းကျင် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် သွားလာကြသည့် ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် များအတိုင်း စနစ်တကျ နေထိုင်သွား လာကြရေး၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေအကွာနေထိုင် သွားကြရေး၊ ကိုဗစ်- ၁၉ ရောဂါပိုး သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူကြရေး စသည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အသိပညာပေး ဆွေးနွေးပြီး Mask အခုရေ ၃၀၀၀ ခန့်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကိုဦး