နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

ကွမ်းခြံကုန်း ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယနေ့ နံနက်တွင် တောင်ခရမ်း အနောက် ကျေးရွာ၌ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင် ၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသ တွင်အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနည်းလမ်းများဖြင့် (၁၆ နှစ်မှ ၁၈ နှစ်) ထိနှင့် ၁၈ နှစ်မှ အထက်ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၃)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၃၅) ရွာ ရှိရာ ယနေ့အထိ ရပ်ကွက်(၇) ရပ်ကွက်နှင့် ကျေးရွာ(၁၀)အုပ်စုမှ ၁၈ နှစ်နှင့်အထက် (၃၂၅)ဦးနှင့် ၁၆ နှစ်နှင့် ၁၈ နှစ်ထိ( ၃၈၁)ဦး စုစုပေါင်း(၇၀၆)ဦးနှင့် အိမ်ထောင်စုပေါင်း (၇၁၅)စုအား ထုတ်ပေးပြီး ကျန်ရှိ သော ရပ်ကွက်/ ကျေးရွာများသို့ ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ယင်းစီမံချက်အား (၁၈) လကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။