ရန်ကုန် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ စာပေဝါသနာရှင် များအား စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာမြင့်မားစေရေး၊ စဉ်းစားတွေးခေါ်တက်စေရေးအတွက် ရည်ရွယ်၍ စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသော “ မြန်မာပြည်သား ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာ ဦးစိုးမြင့်(နေမင်းချို)က အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် ပြန်ဆက်ဦးစီးမှူး ဒေါ်သဇင်ဦးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖိတ်ကြားထားသော စာရေးဆရာများနှင့် စာပေဝါသနာရှင်များ၊ လူငယ်လူရွယ်များက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ စာရေးဆရာ ရန်ကုန်ဘဆွေ၏ “ မြန်မာပြည်သား ” စာအုပ်ပါ လူငယ်လူရွယ်များ အတွက် အသိပညာဗဟုသုတများ တိုးပွားရရှိစေမည့် ရှေးမြန်မာလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ စိတ်နေစိတ်ထားများ၊ မျိုးချစ်စိတ်များ၊ ရှေးယောကျာ်းသားများ၏ ဆေးကွင်းမင်ကြောင်ထိုးသည့် ဓလေ့များပါဝင်သည့် ဆောင်းပါးများကို တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက တစ်ဦးချင်းဆီ ဆွေးနွေးပြောကြားခဲ့ကြသည်။
“ ဒီ မြန်မာပြည်သား စာအုပ်ကို ဖတ်ရင်းနဲ့ ငယ်ဘဝကို ပြန်လည်သတိရစေတယ်၊ လူတွေရဲ့ ဓလေ့စရိုက်၊ ဖြစ်တည်မှု၊ ရပ်တည်ကြတဲ့ ဘဝတွေကို ပြန်ပြီးနှိုင်ယှဉ်မိစေတယ်၊ ချစ်စရာကောင်းတဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားတွေကိုလည်း သိရှိစေတယ်၊ ရှေးတုန်းက ဆေးမင်ကြောင်ထိုးခဲ့တဲ့ လူငယ်တွေရဲ့အကြောင်း၊ ယနေ့ ခေတ်ရဲ့ ဆေးမင်ကြောင်ထိုးတဲ့ လူငယ်တွေရဲ့ ခံယူချက်၊ အတွေးအခေါ်တွေ အကြောင်းကို ကွဲကွဲပြားပြား သိရှိစေတယ်၊ ဒီစာအုပ်ကို ဖတ်ကြည့်မိမယ်ဆိုရင် ရှေးတုန်းကနဲ့ ယခုခေတ်ရဲ့ အနှစ်သာရတွေ အများကြီးကွာခြားမှုရှိမယ်လို့ မြင်မိပါတယ် ” ဟု စာဖတ်ဝိုင်းတွင် တက်ရောက်ဆွေးနွေးခဲ့သည့် စာပေဝါသနာရှင် တစ်ဦးက ပြောကြားခဲ့သည်။
နိုင်လင်းကျော်
|