ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်ရွှေ  ဇွန်   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးက ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ် ၌ အကျုံးဝင်ကြောင်း ကြေညာထားသည့် မြို့နယ်များမှ လာရောက်သူများကို  Quarantine Center ဖွင့်လှစ်ထားရှိရန် ကြိုတင်ပြင်ဆင်ရေး၊ မြို့နယ်အတွင်းရှိ ဈေးများ၌ ဈေးရောင်းသူ၊ ဈေးဝယ်သူများ Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်နိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  သတိပေးနှိုးဆော်ချက်များကို ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးအတွက် အသိပညာ ပေးရေးတို့ကို မြို့နယ်အဆင့်တာဝန်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်‌ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိန်းက ကိုဗစ်-၁၉ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သူများအား ကျန်းမာရေးစစ်ဆေးမှုအခြေအနေနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်