ပြင်ဦးလွင်၊ ဇွန် ၂၉
ကိုဗစ် - ၁၉ ရောဂါသည် ကူးစက်မှုပြန်လည်မြင့်တက်လာရာ မန္တလေးတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှု မရှိစေရေးအတွက် ပြင်ဦးလွင်မြို့နယ် ၊ ဝက်ဝံကျေးရွာရှိ X – Ray ရိုက်စက်အနီးတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇွန် ၂၈ ရက် နံနက်၇ နာရီခွဲ နာရီမှ စတင်ပြီး တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ နေ့စဉ် နေ့/ည တာဝန်များပေးအပ်ကာ မူဆယ် - လာရှိုးဘက်မှ မန္တလေးတိုင်းအတွင်း ဝင်ရောက်လာသူများအား အချိန်နှင့်တပြေးညီ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစောင့်ကြည့်စင်တာတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ ၊ စေတနာ့ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက နေ့စဉ် နံနက် ( ၄ ) နာရီ မှ ည
( ၁၀) နာရီအထိ မိမိတို့ တာဝန်များအလိုက် မြို့နယ်အတွင်း ဝင်ရောက်ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ၏ ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက်များနှင့် ခရီးသည်များအား ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် မှတ်တမ်းအချက်အလက်များအား စာရင်းပေးသွင်းခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် သံသယလူနာများတွေ့ရှိပါက ဆေးကုသမှုခံယူရန် သက်ဆိုင်ရာဌာနသို့ အမြန်ပေးပို့နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ယခုလို တာဝန်ရှိသူများက မိမိတို့ဒေသအတွင်းသို့ ခရီးသွားမော်တော်ယာဉ်များနှင့် ပြည်သူများ ဝင် / ထွက်သွားလာနေမှုကို အမြဲစောင့်ကြည့်၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဟာ
ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။