မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

မိုးနဲ   ဇွန်    ၂၉

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်နယ်တွင်းရောဂါ ကူးစက်မှုမရှိစေရေး၊ မြို့ဝင်/မြို့ထွက်စစ်ဆေးရေးဂိတ်များနှင့် အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ မြို့နယ်အတွင်းရှိ ဈေးများအတွင်း ဈေးရောင်းသူ/ဝယ်သူများ Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်နိုင်ရေးနှင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးတို့ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ တင်ပြဆွေးနွေးလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)