အင်းစိန်မြို့နယ်၌ အောင်ဇေယျမဂ္ဂဇင်း အမှတ်(၂)စာပေပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန် ဇွန် ၂၉

အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက စီစဉ်ထုတ်ဝေခဲ့သည့် အောင်ဇေယျ မဂ္ဂဇင်း အမှတ်(၂)တွင် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ စာပေပြိုင်ပွဲများတွင် အကောင်းဆုံးဆုရရှိသူ စာမူရှင် များ ဆုချီးမြှင့်ခြင်း၊ စာမူရွေးချယ်စိစစ်ရေးအဖွဲ့ (သတင်းစာဆရာကြီးများ၊ စာရေးဆရာကြီးများ) အား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် မဂ္ဂဇင်းဖြစ်မြောက်ရေး မတည်အလှူရှင်များ ဂုဏ်ပြုပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျင်းပရာတွင် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင် တို့က အမှာစကား အသီးသီးပြောကြားပြီး မြို့နယ်သတင်းစာဆရာ အသင်းဥက္ကဋ္ဌ ဒေါက်တာ ဗိုလ်သံမဏိ(တောင်တွင်းကြီး)က မဂ္ဂဇင်းထုတ်ဝေရခြင်းနှင့် စာပေပြိုင်ပွဲ ဆုချီးမြှင့်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီး သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသက်တင်က မဂ္ဂဇင်းစာမူစိစစ်ရွေးချယ် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများက စာမူဆုရှင်များနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို