နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာ၌ မွေးမြူရေးဆိုင်ရာပညာပေးသင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်

နမ္မတူ    ဩဂုတ် ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဒေသများတွင် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ မွေးမြူရေးအထောက်အကူပြု ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက် နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းမှ စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းသို့ တိုးတက်မွေးမြူ ထုတ်လုပ်လာစေရန်၊ တိရိစ္ဆာန် ကူးစက်ရောဂါများအား ကြိုတင်ကာကွယ် နိုင်ရန်နှင့် မွေးမြူရေးအသိပညာ ဗဟုသုတများ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့  နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မွေးမြူရေးဆိုင်ရာပညာပေးသင်တန်းအား နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုင်းအောင်ဖြူဦးက ဝက်မွေးမြူရေး သိကောင်းစရာများအား လည်းကောင်း၊ ကြက်မွေးမြူရေး သိကောင်းစရာများအား လည်းကောင်း၊ ကျွဲ/နွားနှင့် သိုး/ဆိတ် မွေးမြူရေး သိကောင်းစရာများအား လည်းကောင်း၊ တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် သိကောင်းစရာများနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) အကြောင်း သိကောင်းစရာများအား လည်းကောင်း အသီးသီး အသိပညာပေး သင်တန်းပို့ချခဲ့ရာ ပန်လုံကျေးရွာမှ ဒေသခံပြည်သူ (၂၀)ဦးခန့် သင်တန်းတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇူလိုင်လအတွင်း မွေးမြူရေး ဆိုင်ရာပညာပေး သင်တန်းအား ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်း ၊ လီဆူး (IDP)စခန်း ၊ခိုဖိတ်ကျေးရွာနှင့် မန်စံ ကျေးရွာ တို့တွင် (၅)ကြိမ် သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ သင်တန်းသား/သင်တန်းသူ (၆၀)ဦးခန့် တက်ရောက် ခဲ့ကြောင်းနှင့် တိရိစ္ဆာန်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးကုသပေးခြင်း၊ ဝက်ခြံများ အား ပိုးသတ်ဆေး များ ဖျန်းပေးခြင်းနှင့် ခံဖြန်းပိုးသတ်ဆေးများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများအား စဉ်ဆက် မပြတ် ကွင်ဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုင်းအောင်ဖြူဦး ထံမှ သိရှိရသည်။

လူမော် (ပြန်/ဆက်)