လားရှိုး ဇွန် ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့၌ ကျန်းမာရေးဝန်ကြီးဌာနက Stay at home သတ်မှတ်လိုက်သည့် ဇွန်လ(၂၇) ရက်နေ့က စတင်ကာ လားရှိုးမြို့ရှိအခြေခံပညာကျောင်းများကို ယာယီပိတ်လိုက်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ၏ကြေငြာချက်များအရ သိရှိရသည်။
Stay at home သတ်မှတ်လိုက်သောကြောင့် အခြေခံပညာကျောင်းများ၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ထမ်းများကို တစ်ဝက်တက်၊ တစ်ဝက်(၂)ပတ်နား စနစ်ဖြင့်ညွှန်ကြားထားကြောင်းသိရှိရသည်။
လားရှိုးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၂၁၂)ကျောင်းရှိပြီး ရုံးနှင့်ကျောင်းများတွင် ပညာရေးဝန်ထမ်း (၁၆၉၈)ဦးရှိကြောင်းသိရသည်။ အခြေခံပညာကျောင်း(၂၁၂)ကျောင်းတွင် ကျောင်းသားကျောင်းသူ (၆၈၀၁၆)ဦးရှိပြီး လုံခြုံရေးအရ မဖွင့်နိုင်သည့်ကျောင်းပေါင်း မူလတန်း(၈၉)ကျောင်း၊ အလယ်တန်း(၃၄)ကျောင်း၊ အထက်တန်း(၇)ကျောင်း စုစုပေါင်း(၁၃၀)ကျောင်းနှင့် အခြားအကြောင်းများကြောင့် မဖွင့်နိုင်သည့်ကျောင်းပေါင်း မူလတန်း(၂၃)ကျောင်း၊ အလယ်တန်း(၄၂)ကျောင်း၊ အထက်တန်း(၁၇)ကျောင်း စုစုပေါင်း (၈၂)ကျောင်းရှိ လားရှိုးမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
လားရှိုးမြို့ရှိ ရပ်ကွက်(၁၂)ရပ်ကွက်တို့တွင်လည်း ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့် ကော်မတီက စီစဉ်ဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ ပါဝင်ကာ အဖွဲ့ (၁၂)ဖွဲ့ဖြင့် လားရှိုးမြို့ရှိ ရပ်ကွက်များတွင် Stay at home အစီအစဉ်မှ ပါဝင်သော အကြောင်းအရာများကို နေ့စဉ် ပညာပေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
လားရှိုးမြို့နယ်အနေဖြင့် ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှု အတည်ပြုချက်များအရ ဇွန်လ(၂၈)ရက်နေ့အထိ စစ်ဆေးသူ (၁၅၇၂)ဦးရှိပြီး အတည်ပြုပိုးတွေ့သူစုစုပေါင်း(၃၄၂)ဦးရှိကြောင်း သိရသည်။ လားရှိုးပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်၌ (၁၅၈)ဦးအားစောင့်ကြည့်ကုသလျက်ရှိနေပြီး လားရှိုးမြို့ မိုးလုံလေလုံအားကစားရုံ၌ (၅၇)ဦး လက်ခံထားရှိစောင့်ကြည့်ကုသလျက်ရှိနေကာ သတ်မှတ်ရက်ပြည့်၍ ဆေးရုံဆင်းသူ (၉၃)ဦးရှိနေပြီး သေဆုံးသူ(၅)ဦး ရှိကြောင်း သိရှိရသည်။
ဇွန်လ(၂၈)ရက်နေ့တွင် PCR ဖြင့် မိုးကုတ်ဝိပဿနာမှ စစ်ဆေးနေသူ(၁၃၈)ဦး၏ စစ်ဆေးဆဲအဖြေကိုမူ မသိရှိရသေးဘဲ လားရှိုးဆေးရုံကြီး ပြင်ပလူနာဌာနမှ RDT ဖြင့် (၄၉)ဦးကို စစ်ဆေးရာ၌ (၂၈)ဦး ကိုဗစ်(၁၉) အတည်ပြုလူနာများအဖြစ် တွေ့ရှိရကြောင်း သိရှိရသည်။
လားရှိုးမြို့ ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ကော်မတီများထံသို့လည်း အလှူရှင်များအနေ့ဖြင့် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)