ဖားကန့် ဇွန် ၂၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုမဖြစ်ပေါ်စေ ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ဖားကန့်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖားကန့်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ ပါဝါပွိုင့်ဖြင့် ဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာများတွင် ကြိုတင်ကာကွယ် ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဖားကန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ/ရပ်မိရပ်ဖများက သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် နေရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းသို့တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မိမိတို့မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများအား ဘေးအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် အလေးထား ဆောင်ရွက်ကြရန်၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် လိုအပ်သည့် ကူညီထောက်ပံ့မှု များကိုလည်း မိမိတို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တင်ပြချက်များအပေါ် ချက်ချင်း ဆုံးဖြတ် နိုင်သည့် ကိစ္စများကို ချက်ချင်းဆုံးဖြတ်သွားမည်ဖြစ်ပြီး လိုအပ်ပါက ကချင်ပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီသို့ တင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ဖားကန့်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ရေဘေး (၉)ကြိမ်၊ မီးဘေး (၁၁)ကြိမ်၊ မြေပြိုဘေး (၃၁)ကြိမ်၊ လျှပ်စစ်ဘေး (၁)ကြိမ် စုစုပေါင်းအကြိမ်ရေ (၅၂)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၀၄)ဦးရှိခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။