ရန်ကုန် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမိုးဝင်းအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမိုးဝင်းအောင်က ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆောင်ရွက် ထားရှိမှု အခြေအနေများအား အသီးသီးတင်ပြ ကြပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမိုးဝင်းအောင်က မဲစာရင်းကပ်ထား ကြေညာ ရက် တိုးမြှင့်သတ်မှတ်ထားချိန်အတွင်း အချိန်နှင့် တစ်ပြေးညီ စာရင်းများ တိကျမှန်ကန်စွာ ပြီးစီးနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ မဲစာရင်းတွင် မှတ်ပုံတင်များ မှန်ကန်ပြည့်စုံနိုင်ရေး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် အခြားမဲရုံဝန်ထမ်းများ လျာထားသတ်မှတ်နိုင်ရေး၊ ကျန်းမာရေးနှင့် ကိုက်ညီသည့် မဲရုံများဖွဲ့စည်း တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းထက်ထက်အောင်