မန့်ဟီးရိုး ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ယခုနှစ်မိုးဦးကျကာလအတွင်း မိုးများ အဆက်မပြတ် ရွာသွန်းနေသောကြောင့် စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် မိုးစပါးများ စိုက်ပျိုးရာ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် ရာသီဥတုမှာ မိုးများပြီး စိုက်ပျိုးရေ လိုအပ်လျက်ရှိသော စပါးစိုက်ခင်းများအတွက် ရေလုံလောက်စွာရရှိသဖြင့် အချို့လယ်မြေများကို ဇွန်လပထမပတ်မှ စတင်စိုက်ပျိုးကြရာ စိုက်ပျိုးတောင်သူများ အဆင်ပြေချောမွေ့စွာဖြင့် စိုက်ပျိုးလျက်ရှိသည်။
မန့်ဟီးရိုးမြို့တွင် ယခင်နှစ်အတွင်း စပါးစိုက်ပျိုးချိန်တွင် ပြောင်းလဲလာသောရာသီဥတုကြောင့် ဒေသခံစိုက်ပျိုးတောင်သူများ စပါးစိုက်ပျိုးချိန်နောက်ကျ၍ စပါးအထွက်နှုန်း အနည်းငယ် လျော့နည်းကျဆင်းခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရပြီး ယခုနှစ်မိုးစပါးစိုက်ချိန်တွင် ရာသီဥတု ကောင်းပြီး မိုးရေလုံလောက်စွာရရှိသောကြောင့် စပါးအထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် မန့်ဟီးရိုးမြို့အတွင်း စပါးစိုက်ဧကနှစ်ထောင်ကျော်ရှိရာ ယခုအချိန်တွင် တောင်သူများအားလုံး မိုးစပါးကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး စပါးအထွက်နှုန်းကောင်းစေရေးအတွက် အထူးဂရုပြု ဆောင်ရွက်လျက်ရှိကြောင်း တောင်သူတစ်ဦးဖြစ်သော ဦးမိုင်ခမ်းရီ(ရပ်ကွက်-၂)ထံမှ သိရသည်။
စန္ဒာ