သာစည်မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းခန့်ရှိ

သာစည် ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်   ၂၀၂၀  ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကို ဇူလိုင် ၂၅ ရက်နေ့မှ    စတင်ကပ်ထား ကြေညာထားရာ ဩဂုတ် ၁၀ ရက်နေ့အထိ  မဲစာရင်းလာရောက်ကြည့်ရှုသူ  ၄၀  ရာခိုင်နှုန်းခန့်    ရှိပြီဖြစ် ကြောင်း    မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

သာစည်မြို့နယ်တွင်  မဲရုံပေါင်း ၂၅၀ ရှိပြီး  မဲဆန္ဒနယ်မြေ(၁)တွင်  ၁၂၅  ရုံ၊ မဲဆန္ဒနယ်မြေ(၂)တွင်  ၁၂၅  ရုံဖြစ်ကြောင်းနှင့်မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်  ၁၅၂၂၅၇  ဦးရှိကြောင်းသိရကာ ဩဂုတ် ၁၀ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ၆၀၀၃၅ ဦးရှိကြောင်းသိရသည်။ မဲစာရင်းလာရောက်ကြည့်ရှု သူများမှ    တောင်းဆိုလွှာပုံစံ(၃)ဖြင့်လျှောက်ထားသူ  ၁၆၇၁  ဦး၊ ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လျှောက်ထားသူ  ၁၀၇၆  ဦး နှင့် ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၁၅၇၅ ဦးရှိကြောင်းသိရသည်။                       

ထွန်းထွန်း(သာစည်)