မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ COVID - 19 ကုသရေးစင်တာ ဖွင့်လှစ်

 

ရန်ကုန် ၊ ဇွန်  ၊  ၂၈

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် မရမ်းကုန်းမြို့နယ်မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ COVID - 19 ကုသရေးစင်တာ ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

စင်တာဖွင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ဦးလှစိုးက ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖွင့် လှစ်ထားသော ပြည်သူ့ဆေးရုံကြီးများတွင် ကုသပေးနေသောလည်း ယခင်နှစ် ရန်ကုန်တွင်
ထိတွေ့ကူးစက်မှုနှုန်းအရ ဆေးရုံကုတင်များ လုံလောက်မှုမရှိသည့်အတွက် အစိုးရ ၊ တပ်မတော် ၊ စေတနာရှင်အလှူရှင်များနှင့် ပရဟိတအဖွဲ့များ အစီအစဉ်ဖြင့် COVID - 19 ကုသရေး စင်တာများ ထပ်မံဖွင့်လှစ် ကုသပေးခဲ့ကြောင်း ၊ ယနေ့ဖွင့်လှစ်သော စင်တာ၏ နေရာထိုင်ခင်း၊ ကုတင်မွေ့ယာ ၊ အသုံးအဆောင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကလည်းကောင်း၊  စားသောက်ရေး၊ ပရဟိတအဖွဲ့များ ကူညီပံ့ပိုးရေးနှင့်၊  သယ်ယူပို့ဆောင်ရေး တို့ကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီကလည်းကောင်း  ၊ ဆေးရုံအုပ်ချုပ်ရေး
နှင့် ရောဂါကုသရေးကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဆရာဝန်များက  ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း ပြောကြားသည်။

ယနေ့အခြေအနေမှာ တိုင်းဒေသကြီးအတွင်း COVID-19 ထိတွေ့ကူးစက်ခံရသူ ၈၆၈ ဦးကို ဆေးရုံနှင့် စင်တာအသီးသီးတွင် လက်ခံကုသပေးလျှက်ရှိပြီး မြန်မာကွန်ဗင်းရှင်းစင်တာရှိ COVID-19 ကုသရေးစင်တာတွင်လူနာ ၁၄ဦး လက်ခံထားရှိပြီး စုစုပေါင်းလူနာ၂၅၀ ဦး လက်ခံကုသပေးနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် COVID-19 ကူးစက်ခံရသူများ အတွက် ဆေးရုံနှင့် ကုသရေးစင်တာ ၁၅ နေရာတွင် ပိုးတွေ့လူနာ ၂၇၀၀ ဦးကို လက်ခံကုသ ပေးနိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိပြီး ခရိုင်၄ ခရိုင် တွင် Community - Based
Facility Quarantine Center နေရာပေါင်း ၆၀ တွင် လူဦးရေ ၃၆၀၀ ဦးကို ထားရှိနိုင်ရန် စီစဦးထားပြီးဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအပါအဝင် တပ်မတော်ဆေးရုံကြီးများတွင် Covid - 19 ကူးစက်ခံရသူ လူနာ ၁၈၀၀ ဦး ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဆန်းကျော်ဦး