ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာတွင် ယာဉ်မောင်း(၁)ဦးထံ၌ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိ

                                               ရွှေကူ  ဇွန်   ၂၈                                                                                                                      

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိ လာသည့် ကုန်တင်ယာဉ်(၁၅)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၃)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲခန့်က RDT (Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ  (၆)ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်၌ နေထိုင်သော အမျိုးသား(၁) ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်း(၁)ဦးအား ရွှေကူမြို့ ပြည်သူ့ဆေးရုံ (ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းနှင့်အတူ ပါလာသော ယာဉ်နောက်လိုက်(၁)ဦးနှင့် ခရီးသည်(၁၂)ဦးတို့အား ရွှေကူမြို့နယ်၊ တုံးပုံကျေးရွာ လမ်းခွဲအနီးရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ တိုက်ခန်း Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit) ဖြင့် ပြန်လည်စစ်ဆေးရာမှ ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ (၁)ဦးသာရှိသေး ကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ထံမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်