မလှိုင် ဇွန် ၂၈
မန္တလေးတိုင်းဒသကြီး မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီမှ ပြည်သူ့အကျိုးသယ်ပိုးထန်းရွက် ၊အုပ်ချုပ်ရေးမှူးအဆက်ဆက် ခေါင်းစဉ်နှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်စေသည့် ဗိုင်းရပ် ဇီဝပြောင်းမျိုးကွဲများအကြောင်းအသိပညာပေးဆွေးနွေးပွဲများကို ယမန်နေ့ နံနက် ၉နာရီအချိန်ကမြို့နယ်ထွေ/အုပ်ရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကိုဗဟိုပြု၍ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး ဟူသော ရည်မှန်းချက်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေး၊ ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး စသည့် ရည်မှန်းချက်များချမှတ် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ သည်။ ထို့နောက် ယခုအချိန်ခါသည် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ရင်ဆိုင်နေရသည့်ကာလဖြစ်၍ အခြေခံကျသောရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအနေဖြင့် ဗိုင်းရပ်စ်၏ဗီဇပြောင်းမျိုးကွဲ များအကြောင်း သိစေရန်နှင့် ရောဂါကူးစက်ခံရမှု ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်စေခြင်း၊ Quarantine Center များ ပြင်ဆင်ထားမှု၊ Stay at Home ဒေသနှင့် အခြားဒေသမှ ပြန်လာသူများစာရင်းသေချာထားရှိစေရန် စသည့်တို့ကို အသေးစိတ် မှာကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်တင်မြတ်ခိုင်ဦးက ကိုဗစ်-၁၉ရောဂါ ဖြစ်စေသည့် ဗိုင်းရပ်စ် ဇီဝပြောင်းမျိုးကွဲများအကြောင်းကို၎င်း၊ မြို့နယ် လက်ထောက်ပညာရေးမှူး ဒေါ်ဝင်းဝင်းမော်က ရင်သွေးငယ်များ ပညာသင်ကြားနိုင်ဖို့ တူညီလက်များတွဲကြစို့ ခေါင်းစဉ်ဖြင့်၎င်း ၊မြို့နယ်သစ်တောဦးစီးမှူး ဦးချစ်သိန်းနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသန့်ဇင်ထွန်းတို့က ဂေဟစနစ်ကို ပြန်လည် ပြု ပြင်ထိန်းသိမ်းဖို့ သစ်ပင်စိုက်ပျိုးကြပါစို့ ခေါင်းစဉ်ဖြင့်၎င်း ၊မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဆန်းထွန်းက မိမိနှင့် မိမိပတ်ဝန်းကျင်လုံခြုံမှု အစဉ်သတိပြု ခေါင်းစဉ်ဖြင့်၎င်း အသီးသီးဆွေးနွေးခဲ့ကြသည် ။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေး ဝန်ထမ်း (၅၁) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)