ဟိုယ-မန်အွယ်ရွာသွားလမ်းပေါ်ရှိ သံဘောင်ဘေလီတံတား အသစ်ပြန်လည် တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုင်းရယ်   ဇွန်   ၂၈

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ ဟိုယ-မန်အွယ်ရွာသွားလမ်းပေါ်ရှိ သံဘောင်ဘေလီ တံတားအသစ်(၁)စင်းနှင့် ကမ်းကပ်ခုံတည်ဆောက်နိုင်ရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့၊ မြို့နယ်စီမံကိန်းဦးစီးမှူးတို့က ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါတံတားသည် ဟိုယ-နားမွန်-မန်အွယ်-မားဟုတ် ကျေးရွာများသို့ ဆက်သွယ်ထားသည့် (အလျား ၅၀ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၂ ပေ)ရှိ တံတားဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မိုးရာသီက ရေကြီးမှုကြောင့် အောက်သို့ကျိုးကျသွားခဲ့ခြင်းဖြစ်သည်။ အသစ်ပြန်လည် ဆောက်လုပ်သွားမည့် သံဘောင်ဘေလီတံတားကို လာမည့် ၂၀၂၁-၂၀၂၂ ပြည်နယ်ဘတ်ဂျက်တွင် ဆောက်လုပ်နိုင်ရေး လျာထားကြောင်း သိရသည်။

နားမွန်၊ မန်အွယ်၊ နားဟုတ်ကျေးရွာ(၃)ရွာသည် အိမ်ထောင်စု(၁၅၀) လူဦးရေ(၄၅၀) ကျော်ရှိပြီး မိုးများသည့်အချိန်များတွင် တံတားအား အသုံးပြုမရတော့သဖြင့် အဆိုပါ ကျေးရွာ(၃)ရွာမှ ကျောင်းသား၊ ကျောင်းသူများသည် ဟိုယကျေးရွာရှိ စာသင်ကျောင်းသို့ ကျောင်းတက် ရောက်ရန် အခက်အခဲများစွာရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မိုင်းရယ် ပြန်/ဆက်