ကျောက်ဖြူ ဇွန် ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှာခေါင်းစည်း MASK များ အခမဲ့ဖြန့်ဝေခြင်းနှင့် Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် လိုက်နာ ရမည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ပါးစပ်နှာခေါင်းစည်း MASK များ အခမဲ့ ဝေငှပေးခဲ့သည်။
ယင်းနောက် အဆိုပါ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများအား အသိဉာဏ်ပညာ ဗဟုသုတများတိုးပွားလာစေရန်နှင့် စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်း များ ရရှိလာစေရန်ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း စသည့်စာအုပ် ပေါင်း ၃၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်စားစွာဖြင့် ငှားရမ်းခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း