ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းများ ခင်းပေးနိုင်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေး

ကျောက်ဆည်   ဇွန်   ၂၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ မြို့ပြနှင့်ကျေးလက် ကွာဟမှု မရှိစေရေးနှင့် ဒေသဖွံ့ဖြိုးမှုများမြန်ဆန်စေရေးအတွက် ကျေးရွာတွင်းကွန်ကရစ်လမ်းများခင်းပေးနိုင်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာ(၃)ရွာသို့ကွင်းဆင်းပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်တာဝန်ရှိသူများက ပေါက်ကုန်းကျေးရွာ၊ မုန့်ပေါင်းတောင်ကျေးရွာနှင့် အရှေ့ရွာတော်ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းမျးအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်နှင့်လုပ်အားများပူးပေါင်းပြီး အရှည်ပေ (၁၀၀၅)ပေ၊ အနံ(၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်းလမ်းများကွန်ကရစ်လမ်းခင်းသွားမည်ဖြစ်ကာ လမ်းခင်းရာတွင် အရည်အသွေး ကောင်းမွန်စေရန်နှင့် လမ်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ဦးဆောင်မှုဖြင့် အရှည်ပေ (၂၀)တစ်ဖြတ် လမ်းပိုင်းများ ဖြတ်ကာ ဂျိုင်းဆက်များဖြင့် တုန်ခါစက်အသုံးပြုကာ ကွန်ကရစ်လောင်းခြင်းများ ပြုလုပ်ကာ ကွန်ကရစ်များ အသားကျအောင် တစ်ရက်လျှင်ရေသုံးကြိမ်ဖျန်းခြင်းများ ဆောက်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)