ချောင်းဆုံ ဇွန် ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သံဃာ့နာယကအဖွဲ့ဦးဆောင်ပြီး မြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း)ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲက မုရစ်ကြီးကျေးရွာ မြစေတီဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ဆရာတော်၊ သံဃာတော် များထံမှ ငါးပါးသီလခံယူကာ နိုင်ငံတော် သြဝါဒစရိယမြစေတီကျောင်းတိုက်ဆရာတော်မှ ဩဝါဒ မိန့်ကြားသည်။ ယင်းနောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးအောင်ကြည်သိန်းမှ ယဉ်ကျေးလိမ္မာသင်တန်းနှင့်ပတ်သက်ပြီး တင်ပြလျှေောက်ထားကာ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း ဥက္ကဋ္ဌဦးကိုကိုလင်းမှ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်နေမှုအပေါ် ရှင်းလင်းတင်ပြသည်။
ထို့နောက် သင်တန်းသားများအတွက် လိုအပ်သည့် အလှူငွေနှင့် စာရေးကိရိယာပစ္စည်းများကို မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်း ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်တို့မှ အလှူငွေများပေးအပ်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်(ကိုယ်စား)မှ တာဝန်ရှိသူများက လက်ခံရယူ သည်။
အဆိုပါဖွင့်ပွဲသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းဝင်များ၊ ဓမ္မစကူးလ်ကျောင်းမှ ဆရာ/ဆရာမ နှင့်ကျောင်းသား/သူ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။ ယဉ်ကျေးလိမ္မာ သင်တန်း (အငယ်တန်း) ကျောင်းကို ၂၀၂၁ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး မြို့နယ်တွင် ယဉ်ကျေးလိမ္မာကျောင်း(၁၀)ကျောင်း၊ ဆရာ/ဆရာမ (၄၀)ဦး နှင့် ယဉ်ကျေးလိမ္မာကျောင်းသား/သူ(၄၅၇)ဦးရှိကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)