တပ်ကုန်း ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမ ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်- တပ်ကုန်း) ရေးသားထားသည့် “ခရေတစ်ပွင့် ကြွေလွင့်သည့်နှယ်နှင့်မှုခင်းဝတ္ထုတိုများ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ ၁နာရီခွဲက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာန ရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
ထိုစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ပြောကြားပြီး၊ မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းဝင်းမြင့် (မြကျောက်အေးချမ်း)၊ ဒေါ်မြသန္တာ(မြပုလဲ-တပ်ကုန်း)တို့က “ခရေတစ်ပွင့် ကြွေ လွင့်သည့်နှယ်နှင့်မှုခင်းဝတ္ထုတိုများ”စာအုပ်ခေါင်းစဉ်ပါ အကြောင်းအရာများကို အကြံပြု ဆွေးနွေး ကြပြီးနောက် တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့သည်။ အဆိုပါ စာအုပ်တွင် မှုခင်းဝတ္ထုတို ခေါင်းစဉ်(၂၃)ပုဒ် ပါဝင်ကြောင်း သိရသည်။
တင်စိုးလွင်