Nestle Myanmar နှင့် We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့တို့မှ ကိုဗစ်-၁၉ ကာလ အတွင်း စားဝတ်နေရေးခက်ခဲသော မိသားစုများအား စားနပ်ရိက္ခာများ ဝေငှလှူဒါန်း

တောင်ဥက္ကလာပ ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ Nestle Myanmar နှင့် We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့တို့မှ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး ခက်ခဲသော မိသားစု များအား စားနပ်ရိက္ခာများ ဝေငှလှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံး ရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စားနပ်ရိက္ခာများ ဝေငှလှူဒါန်းခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌ ဦးကျော်ဇေယျဝင်းနှင့် ဝန်ထမ်းများ၊ We Love Yangon နှင့် We Love South Okkalapa လူထုအခြေပြု ပရဟိတအဖွဲ့သားများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားဝတ်နေရေးခက်ခဲသော မိသားစု (၁၀၀)အား အိမ်ထောင်တစ်စုလျှင် နေကြာဆီ (၅၀)ကျပ်သား (၂)ဗူး၊ ခေါက်ဆွဲ ခြောက်ထုပ် (၅)ထုပ်၊ ရှုးရှဲ လက်ဖက် နှပ် (၁)ဗူး၊ ငါးသေတ္တာ (၃)ဗူး၊ ကွေကာအုပ် (၅)ထုပ်၊ မင်္ဂလာပါကော်ဖီ အထုပ်ကြီး(၁)ထုပ်နှင့် ဆား (၁) ထုပ်စီ ဝေငှလှူဒါန်းခဲ့သည်။

ထို့ပြင် Nestle Myanmar မှ Milo-3in1-28g အထုပ်ကြီး (၁)ထုပ်၊ Nescafe Blend & Brew အထုပ်ကြီး (၁)ထုပ်နှင့် Bear Brand Malt Milk-20g အထုပ်ကြီး (၁)ထုပ်တို့ကို ထုတ်ယူနိုင်သော ကူပွန်(၁)ရွက်စီကို မြို့နယ် အတွင်းရှိ စားဝတ်နေရေးခက်ခဲသော မိသားစု(၁၀၀)စာအတွက် ကူပွန်(၁၀၀)အား ပူးပေါင်း ပါဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်