ပုဇွန်တောင် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက ပုဇွန်တောင်မြို့နယ် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စီစဉ်ကျင်းပသော "မူးယစ်ဆေးဝါးအန္တရာယ်" အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီရိခိုင်က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ ကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဥပဒေအရ အရေးယူနိုင်သည့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ မပွင့်စန္ဒီမှ စာရေးဆရာ မောင်ကျေးဇူး ရေးသား ထားသည့်" လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် "စာအုပ်တွင် ပါရှိသည့်" မူးယစ်ဆေးဝါး ကို အလွဲသုံးစားမှုကြောင့် လူ့ဘဝကို အဆုံးသတ်ခဲ့ရပုံများ၊ ယစ်မျိုးငါးပါးနှင့် ပတ်သက်၍ ရှောင်ကြဉ် စရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် မြန်မာနှင့် ကုလသမဂ္ဂတို့ ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများအကြောင်း" စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသော စာပေချစ်မြတ်နိးသူများမှအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြတ်သီရိခိုင်