ကျောက်မဲ ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လူမှုဖူလုံရေးရုံး၌ ယနေ့နံနက် ၁၀ နာရီက အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံ အလုပ်သမား ၃ ဦး၏ ကျန်ရစ်သူ မိသားစုဝင်များအား ၂၀၁၂ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ထုတ်ပေးသည့် အခမ်း အနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျောက်မဲမြို့၊ လူမှုဖူလုံရေရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ကျန်ရစ်သူမိသားစုများအား အကျိုးခံစားခွင့် ထုတ်ပေးရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် သေဆုံးသွားသည့် Crown Cement ဘိလပ်မြေ စက်ရုံမှအာမခံအလုပ်သမားများ ဖြစ်ကြသည့် ဦးခိုင်ထွန်း၊ဦးမြတ်မင်းစိုးနှင့် ဦးဝင်းမင်းသူတို့၏ ကျန်ရစ်သူမိသားစုဝင် တစ်စုစီ အား ငွေကျပ် ၄၆၅၀၀၀၀-(လေးဆယ့်ခြောက် သိန်းငါးသောင်းတိတိ)နှုန်းဖြင့် မိသားစု ၃ စု အတွက် စုစုပေါင်းငွေကျပ် ၁၃၆၅၀၀၀၀-(ကျပ်တစ်ရာ့သုံးဆယ့်ခြောက်သိန်းငါးသောင်း တိတိကို ခရိုင်အလုပ်သမားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦတင်စိုးနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွမ်းဟွမ်တို့က သက်ဆိုင်ရာ မိသားစု ဝင်ထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသွားသည့် အလုပ်သမား ၃ ဦးသည် ကျောက်မဲမြို့နယ် ၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် နောင်ချိုမြို့နယ်ရှိCrown Cement ဘိလပ်မြေ စက်ရုံ စက်ရုံတွင် တာဝန်ထမ်းဆောင်သူဖြစ်ပြီး လုပ်ငန်းခွင်တွင် သေဆုံးခဲ့ ခြင်းဖြစ်သောကြောင့် ကျန်ရစ်သူမိသားစုများမှ ယခုကဲ့သို့ အကျိုးခံစားခွင့်များရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)