သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

သုံးခွ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အခြေခံပညာသင်ကျောင်းများ၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များကို ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ်  မြို့နယ်ကြက်ခြေနီသူနာပြု တပ်ခွဲမှူး ဦးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များသည် ပျဉ်းမကန်ကျေးရွာ ရွာလမ်းမဘေးနှင့် အထက(ခွဲ) စာသင်ကျောင်းဝင်းအတွင်း Mask စနစ်တကျ တပ်ဆင် အသုံးပြုပုံ အသိပညာပေး ပိုစတာများ ကပ်ထားကြေငြာခြင်း၊ Mask  ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။ အလားတူ ယမန်နေ့ နံနက်ပိုင်းက သုံးခွမြို့ပေါ် ရပ်ကွက်များတွင်လည်း အသိပညာပေး ပိုစတာများ ကပ်ထားကြောင်း သိရသည်။