မန္တလေး ဇွန် ၂၅
၂၀၂၁ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဈေးများ၊ အခြေခံပညာကျောင်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် လူစည်ကားရာ နေရာများတွင် ယနေ့ နံနက် (၁၀)နာရီက ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တာဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ ရန်သူဘိမ်းဖြူ ကဗျာနှင့် မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်းကို ပညာပေးရေးဆွဲထားသော ကာတွန်းများဖြင့် ပြည်သူများ အသိပညာ ရရှိစေရန် ထည့်သွင်းဖော်ပြထားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ အသိပညာပေးလုပ်ငန်းဖြစ်သည့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို နေ့ကြီးရက်ကြီး အထိမ်းအမှတ်နေ့များအလိုက် ထုတ်ဝေ ဖြန့်ဖြူးခြင်းနှင့် အရေးကြီးဖြစ်စဉ်များအတွက်လည်း အလျဉ်းသင့်သလို ထုတ်ဝေကာ ပြည်သူများအား လက်ဝယ်အရောက် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်