မိတ္ထီလာ ဇွန် ၂၅
မိတ္ထီလာမြို့တွင် ယမန့်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့စစ်ဆေးတွေ့ရှိသူများ၏ ထိတွေ့မှု အများဆုံးအဖြစ် နန်းတော်ကုန်းရပ်ကွက် သဒ္ဓမ္မဝံသာရုံကျောင်းတိုက် သဒ္ဓမ္မပါလ ကျောင်းဆောင် တွင် သီတင်းနေထိုင်သည့် သံဃာတော် ၁ဝပါးအား ယနေ့နံနက် ၁၁ နာရီအချိန်က Rapid Test Kit များဖြင့် စစ်ဆေးခဲ့ရာမှ သံဃာတော် ၃ ပါးတွင် ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့က အဆိုပါကျောင်းတိုက်ရှိ သဒ္ဓမ္မပါလကျောင်းဆောင်တွင် သီတင်းသုံးနေထိုင်သည့် သံဃာတော် ၂ ပါးနှင့်အမျိုးသား ၁ ဦးသည် အနံ့မရဖြစ်နေ၍ Rapid Test Kit များဖြင့် စစ်ဆေးခဲ့ရာမှ ၎င်းတို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ လူနာများ၏ ထိတွေ့သူများဖြစ်သည့် သံဃာတော် ၁ဝပါးအား ယနေ့တွင် Rapid Test Kit များဖြင့် ထပ်မံစစ်ဆေးခဲ့ရာမှ သံဃာတော် ၃ ပါးတွင် ကိုဗစ်၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့လူနာများအား မိတ္ထီလာပြည်သူ့ဆေးရုံရှိ အထူးရောဂါ ကုသဆောင်တွင် သီးသန့်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားကြောင်း သိရသည်။ မိတ္ထီလာတွင် ဇွန်လ ၂၄ ရက်မှ ၂၅ ရက်နေ့ နှစ်ရက်တာအတွင်း လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၆ ဦးအထိရှိသည်။မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ