တိုက်ကြီး ဇွန် ၂၅
၂၀၂၁ ခုနှစ် ဇွန် လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် (၀၉:၃၀) အချိန်ခန့်က ပြည်သူ များထံသို့ အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းကလျာခိုင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူစည်ကားရာ မြို့မဈေး၊ ဆိုက္ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ ကားဂိတ်များရှိ ပြည်သူများနှင့် အခြေခံ ပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ သွားရောက် အသိပညာပေး ဖြန့်ဝေပေးခဲ့ပြီး အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ် ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာနှင့် အသိပညာပေးကာတွန်းများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်အသုံးပြုကြသည့် စာငှားစာဖတ် ပရိတ်သတ်များကိုလည်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များကို စာကြည့်တိုက်မှူး ဒေါ်ခင်နှင်းသက်က အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စန်းကလျာခိုင်