မိုးညှင်းမြို့နယ်တွင် တောင်သူလယ်သမားများသို့ ၂၀၂၁ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မိုးညှင်း   ဇွန်   ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများသို့ ၂၀၂၁ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ(၂၆)ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဇွန်လ(၂၃)ရက်နေ့အထိ ကျေးရွာအုပ်စု(၄၃)စုအနက် အုပ်စု(၇)စုမှ တောင်သူ(၄၅၈)ဦး၏ လယ်ဧက(၃၇၈၇)ဧကအတွက် ချေးငွေကျပ်(၅၆၈၀.၅)သိန်းကို ‌ထုတ်ချေးပေးပြီးဖြစ်သည်။

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာတွင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၄၃)စုမှ ယမန်နှစ်က ချေးယူထားသော မိုးစပါးစိုက်ပျိုးစရိတ် ဘဏ်ချေး‌ငွေအကျေပေးဆပ်ပြီးသည့် ကျေးရွာအုပ်စုအလိုက် တောင်သူတစ်ဦးချင်းစီကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်သည်။

မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်တွင် မိုးစပါးစိုက် လယ်ဧက(၇၉၇၇၉)ဧကမှ တောင်သူ(၉၈၀၀)ဦးတို့အတွက် ချေး‌ငွေကျပ်(၁၁၉၆၆၈.၅)သိန်းအား ထုတ်ချေးပေးရန်လျာထား ကြောင်းနှင့် ချေးငွေကာလကို ၂၀၂၁ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်ထိ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)