စဉ့်ကိုင် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့် အမျိုးသမီး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ ကမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်
က အမျိုးသမီးကော်မတီ ၏ လုပ်ငန်း တာ၀န်များမှ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဦးကျော်သူ ကလည်း လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် လုပ်ငန်းကြီး (၇) ရပ် နှင့် အကောင်အထည်ဖော်ဆောင်လျှက်ရှိရာ အမျိုးသမီးများ စောင့်ရှောက်ရေး လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းကို ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားကြောင်းအသက် (၁၂) နှစ်အထက် အတန်းပညာသင်ကြားခွင့် မရရှိခဲ့သော မိဘမဲ့ အမျိုးသမီးများနှင့် အသက် (၁၈ )နှစ် အထက်ခိုကိုးရာမဲ့ လူမှုရေးအခက်အခဲ ရှိပြီး အကူအညီလိုအပ်နေသည့် အမျိုးသမီးအတွက် အသက် မွေးဝမ်းကြောင်းအတတ်ပညာများကိုလည်းသင်ကြားပေးလျှက်ရှိကြောင်း အမျိုးသမီး ကော်မတီ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကော်မတီ၀င်များမှပူးပေါင်း ညှိနှိုင်း၍ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား အကြံပြုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ညိုညို၀င်း