ခရမ်း ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက်(၉)နာရီက ခရမ်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မြို့မအုပ်စု၊ ပေါက်ပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာအုပ်စုရှိ တောင်သူများကို ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန် ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်၌ ၂၀၂၁ ခုနှစ်အတွက် မိုးစပါးချေးငွေ တစ်ဧကလျှင်(၁)သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက ၉၄၇၈၆ ဧကအတွက် သိန်းပေါင်း (၁၄၂၁၇၉)သိန်းကျော် ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေ အကျေဆပ်ပြီးသည့် တောင်သူ များကို ၂၀၂၁ ဇွန်(၃) ရက်နေ့မှ စ၍ ထုတ်ပေးလျက်ရှိပြီး စက်တင်ဘာလကုန်ရက်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို ခရမ်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဇွန်(၃)ရက် နေ့မှစ၍ ချေးပေးရာ ယနေ့အထိ ကျေးရွာ (၁၄)အုပ်စု တောင်သူဦးရေ (၈၈၅)ဦး၏ (၆၂၄၉)ဧကအတွက် စပါးချေးငွေ (၉၃၇၃.၅) သိန်းကို ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရှိရသည်။
ကိုမင်း (ခရမ်း)