ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ကြည့်ရှုခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဆိပ်ကြီးခနောင်တို  ဩဂုတ် ၁၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် မဲဆန္ဒရှင်စာရင်း ကြည့်ရှုခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဇာခြည်စိမ့်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဆိုက်ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ စက်တပ်ရေယာဉ်(သမ္ဗန်) ဂိတ်အနီးနှင့် အခြားလူစည်ကားရာ နေရာများတွင် မဲဆန္ဒရှင် စာရင်းကြည့်ရှုခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအပြင် ပြည်သူများ အနေဖြင့် မိမိတို့၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား ကြိုတင်သွားရောက်ကြည့်ရှုကြရန် တိုက်တွန်း နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်ရှိပြီး လူဦးရေသုံးသောင်းကျော် နေထိုင်လျက်ရှိရာ  မြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၄၉၅၁)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)