ရန်ကုန် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း သိရှိနားလည်ပြီး ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန် က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့" အထိမ်း အမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွ နေရာများအပါအဝင် လူစည်ကားရာနေရာများတွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အချို့လူငယ်တွေအနေနဲ့ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်း အရင်း၊ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း၊ မူးယစ်ဆေး အန္တရာယ် ရှောင်ကြဉ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေး အချက်အလက်များ၊ စာရေးဆရာ မုံရွာဝင်းဖေ ရေးသားသည့် "ကမ္ဘာ့ရန်သူဘိန်းဖြူ " ခေါင်းစဉ်ဖြင့် ကဗျာနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို စုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း "ယခုလို ကျွန်တော်တို့ ပြည်သူတွေ မူးယစ်ဆေးဝါးနှင့် ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာဟာ အရမ်းကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုပါပဲ။ ဒီလက်ကမ်း စာစောင်ကို ဖတ်ရှုလိုက်ရတဲ့အတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကိုယ်မသိသေးတဲ့ တစ်ချို့သော ဗဟုသုတတွေကိုလည်း သိရှိလိုက်ရတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်" ဟု ပြောကြားသွားကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်