ချင်းရွှေဟော် ဇွန် ၂၅
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း နေထိုင်သည့် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ယနေ့နံနက်ပိုင်း က အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၄၁)နှစ် အရွယ်၊ အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ပြည်သူ့ဆေးရုံ၊ သီးသန့်ကုသဆောင်သို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့ကြသည့် အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၈)ဦးတို့အား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိကာ ၎င်းတို့နေထိုင်သည့်နေရာအား အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့တွင် ဇွန်လ (၂၃)ရက်မှ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ နှစ်ဦး ထိရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)