ကာမိုင်း ဇွန် ၂၅
၂၀၂၁ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ လူစည်ကားရာ နေရာများ၌ ယမန်နေ့ မွန်းလွဲ(၃)နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာ၌ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ နေရာများဖြစ်သည့် မြို့ဝင်လမ်းဆုံဂိတ်မှ ခရီးသွားပြည်သူများ၊ ကားသမားများ၊ စျေးသည်များ၊ လမ်းဘေးစျေးဆိုင်များမှ စျေးရောင်း/စျေးဝယ်သူများ၊ ဌာနဆိုင်ရာ ရုံးများရှိ ဝန်ထမ်းများအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
ယခုဖြန့်ဝေပေးခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ ကဗျာ၊ ကာတွန်း၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ် တိုက်ဖျက် လက်ချင်းယှက်၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ စသည့် ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြထားရှိကြောင်းနှင့် လက်ကမ်းစာစောင်(၂၀၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)