မိုင်းတုံ ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဥယျာဉ်ကျောင်းတိုက်တွင် တည်ထား ကိုးကွယ် မည့်လာဘသိဒ္ဓိမင်္ဂလာစေတီတော်မြတ်အား အထက်ပစ္စယံဌာပနာပိတ် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့မမွေတော် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုဝေလထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်၍ ဥပသကာတို့က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်တို့ကို သံဃာတော်များအား ဆက်ကပ်ရာ သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။ယင်းနောက် ဥပသောတို့က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်တို့ကိုစေတီတော်ရင်ပြင်နှင့်ပရဝုဏ်အတွင်းပက်ဖျန်းချည်နှောင်သည်။
ဆက်လက်ပြီး နယ်မြေခံတပ်နယ်စစ်ဗျူဟာ ဗိုလ်မှူးကြီး ဇော်မင်းဦးနှင့်အဖွဲ့နှင့် အလှူရှင်များက လာဘသိဒ္ဓိမင်္ဂလာစေတီတော်မြတ်အား ရည်မှန်း၍ ဌာပနာပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆရာတော်သံဃာတော်တို့အား ဆက်ကပ်လှူဒါန်းပြီး မြို့မမွေတော်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ကုဝေလ ထံမှမြန်မာဘာသာဖြင့်လည်းကောင်း၊ ဥယျာဉ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိမလထံမှ ရှမ်းဘာသာဖြင့် လည်းကောင်းရေစက်ချအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေသည်။
ဆက်လက်၍ ဧည့်ပရိတ်သတ်မှဩကာသကန်တော့ချိုးဖြင့်ပြန်လည်ကန်တော့ပြီး ဆရာတော် သံဃာတော် များမှမေတ္တာပို့ဂါထာရွတ်ဖတ်ပူဇော်သည်။
ထို့နောက် အလှူရှင်များဦးဆောင်၍ ဌာပနာပစ္စည်းများကို စကြာယာဉ်ဖြင့် ပင့်ဆောင်လျက် မင်္ဂလာအချိန်တွင် ဌာပနာပစ္စည်းများကို ထည့်သွင်းပူဇော်ရာ သံဃာတော်အရှင်သူမြတ်တို့က “ဇယန္တေဗော ဓိယာမူလေ”ဂါထာရွတ်ဆိုပူဇော်သည်။
ယင်းနောက် ဥယျာဉ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလက နတ်၊ ဗြဟ္မာများအား ပြန်လည် ပို့ဆောင်၍ လာဘသိဒ္ဓိမင်္ဂလာစေတီတော်အထက်ပစ္စယံဌာပနာပိတ်တင်လှူပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်း အမှတ် ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း ၍ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်တို့နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး၊ ဧည့်ပရိတ်သတ်တို့အား နေ့လည်စာ ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
အဆိုပါလာဘသိဒ္ဓိမင်္ဂလာစေတီတော်မြတ်ကို အများပြည်သူဖူးမျှော်နိုင်ရန်အတွက် ( ၆-၁၁-၂၀၂၀) ရက်နေ ့တွင် ဥယျာဉ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလက ဦးဆောင်၍ ပြည်သူများနှင့်စုပေါင်း၍ (၆.၁၁.၂၀၂၀) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ပထမဌာပနာကို ၁၃၈၂ခုနှစ် ပြည်သိုလပြည့်နေ့တွင် လည်းကောင်း၊ ဒုတိယဌာပနာကို၁၃၈၃ ခုနှစ်၊ကဆုန်လပြည့်နေ့တွင်လည်းကောင်း၊ တတိယဌာပနာကို ယနေ့ ၁၃၈ခုနှစ်၊ နယုန်လပြည့်နေ့တွင်လည်းကောင်း ဌာပနာပိတ်ပွဲဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)