ပင်းတယမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပင်းတယ   ဇွန်  ၂၅

လေထုသန့်စင်ရန်နှင့် ရာသီဥတုမျှတစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့နိုင်စေရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု လူထုပူးပေါင်းပါဝင်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ထယ်သွန်းကျေးရွာအုပ်စု ဘုရားနီကျေးရွာ မူလတန်းကျောင်း အနီး၌ ယနေ့နံနက်  ၁၀ နာရီအချိန် က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း က သစ်ပင်စိုက်ပျိုးခြင်းမှ ရရှိလာမည့်အကျိုးကျေးဇူးများနှင့် မိမိတို့စိုက်ပျိုးထားသည့် သစ်ပင်များ ဆက်လက်ရှင်သန်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများမှ ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း က ပျိုးပင်များကိုပေးအပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ က လက်ခံရယူကြပြီး ပျိုးပင်များကို သတ်မှတ်နေရာများ၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယနေ့စိုက်ပျိုးသည့် ပျိုးပင်များမှ ကျွန်း၊ ခါတော်မှီ၊ ထင်းရှူး၊ ပနားမားငု၊ စိန်ပန်းနီ၊ ချယ်ရီ၊ ရေသင်းဝင်းနှင့် မျောက်ငိုပင် ပျိုးပင်စုစုပေါင်း ၆၀၀ ကျော်စိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)