ရေး ဇွန် ၂၅
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရွှေဆံတော်ဘုရားလမ်းဆုံနှင့် အောင်မင်္ဂလာရပ်ကွက် အောင်သီတာဈေး (ရွာကလေးဈေး) အတွင်း/အပြင်များတွင် သွားလာနေသော ပြည်သူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေးအတွက် အခမဲ့ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်ကြောင်း သိရသည်။
အခမဲ့ဖြန့်ဝေခြင်းတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အိမ်အပြင်ထွက်တိုင်း နှာခေါင်း စည်းကို တပ်ဆင်ကြရန် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသော ပြည်သူများအား အခမဲ့တပ်ဆင် ပေးခြင်းဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ ပညာပေးလုပ်ငန်းများ စဉ်ဆက်မပျက် လုပ်ဆောင် သကဲ့သို့ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက နှာခေါင်းစည်းများ တပ်ဆင်ခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)