ကျောက်ဖြူခရိုင် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကျောက်ဖြူ  ဇွန် ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီး မှူး၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေး‌ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်မှ အဖွင့် အမှာ စကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူး ဒေါ်စန်းစန်းနွယ်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ကျန်းမာရေးမှူးမှ ပြန်လည်ဖြေကြားပေးပြီး ကျန်းမာရေး ဌာနမှ သူနာပြုဆရာမတစ်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စနစ်တကျလက်ဆေးနည်းအား လက်တွေ့သရုပ်ပြသပေးခဲ့သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်အား ဆက်လက်ကျင်းပရာ  ကျောက်ဖြူခရိုင် ယာဉ် ထိန်းရဲတပ်ဖွဲ့တာဝန်ခံအရာရှိ ဒုရဲမှူး ဝင်းဇော်ဟန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ များနှင့် ပတ်သက်၍ အသိပညာပေးများအား Power Point ဖြင့်အကျယ်တဝင့်ဆွေးနွေး ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား ‌မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ခံအရာရှိက ပြန်လည်ဖြေကြားပေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိ ပညာပေး လက်ကမ်းစာစောင်များအား ဝေငှပေးခဲ့သည်။  

အဆိုပါအခမ်းအနားသို့ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း