တောင်ကြီး ဇွန် ၂၅
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ရာ ပထမအကြိမ်အနေဖြင့် (၂၂၄၇၆၆)ဦး၊ ဒုတိယအကြိမ်တွင် (၂၀၂၈၅၅)ဦး ထိုးနှံပြီးစီးခဲ့ပြီး ဒုတိယအကြိမ်အနေဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Vaccine(Doses) ပထမအကြိမ်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ မှစတင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ (၈၄၃၅)ဦး ထိုးနှံပြီး ဖြစ်ပါကြောင်း၊ တတိယလှိုင်းဖြစ်ပွားသည့် ကာလအတွင်း နောင်ချိုမြို့နယ်တွင် နည်းပညာပထမနှစ် ကျောင်းသား (၁)ဦးမှလည်းကောင်း၊ လားရှိုးမြို့နယ်တွင် ချင်းပြည်နယ်၊ တမူးမြို့သို့ မင်္ဂလာဆောင်သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသူ ဦးရွတ်မဂတ်မှ မန္တလေးမြို့သို့ ဆေးခန်း ပြသရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရာမှ စတင်ခဲ့ပြီး နောင်ချိုမြို့နှင့် လားရှိုးမြို့တို့တွင် ရောဂါကူးစက်ပြန့်နှံ့ကာ ရှမ်းပြည်နယ်အတွင်း ယနေ့အချိန်ထိ ပိုးတွေ့ရှိသူ (၅၃၇)ဦး ကူးစက်ပြန့်နှံခဲ့ပြီး သေဆုံးသူ(၂)ဦး၊ ရောဂါပိုးကင်းစင်သူ (၁၂၃)ဦး ရှိခဲ့သဖြင့် ယနေ့အထိ လားရှိုးမြို့နယ်တွင် (၂၃၃)ဦး၊ နောင်ချိုမြို့နယ်တွင် (၅၈)ဦး၊ လောက်ကိုင်မြို့နယ်တွင် (၄၃)ဦး တွေ့ရှိခဲ့ရပြီး ရောဂါကူးစက်ပြန့်နှံ့မှု များပြားလာကြောင်း တွေ့ရှိခဲ့ရသဖြင့် ရှမ်းပြည်နယ်အတွင်း ရောဂါကူးစက်မှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း (၂၃)ဦး၊ သီပေါမြို့နယ်တွင် (၇)ဦး၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်တွင် (၆၅)ဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် (၁၅)ဦး၊ တောင်ကြီး မြို့နယ်တွင် (၈)ဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် (၃)ဦး၊ စုစုပေါင်း (၁၂၁)ဦးတွေ့ရှိခဲ့ရပြီး ကိုဗစ်-၁၉ ရောဂါပိုး လျင်မြန်စွာ ကူးစက်ပြန့်နှံ့လျက်ရှိကြောင်း သိရှိပါကြောင်း၊ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်ချက်များ၊ အကြံဉာဏ်များ၊ ပူးပေါင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အဖွဲ့ဝင် ဗိုလ်မှူးကြီး လှဦးတို့မှ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားတက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြ၍ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)