လားရှိုး ဇွန် ၂၄
လားရှိုးမြို့၌ ဇွန်လ(၉)ရက်နေ့ကစတင်ကာ ကူးစက်မြန် ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာများ စတင်တွေ့ရှိခဲ့ပြီးဖြစ်သည်။
ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီ၏ ဆောင်ရွက်နေမှုများမှ လားရှိုး မြို့နယ်အတွင်း ကူးစက်မြန် ကိုဗစ်(၁၉) ရောဂါများကို PCR,RDT တို့ဖြင့် swab စစ်ဆေးခြင်းများကို မိုးကုတ်ဝိပဿနာ၌ ကျန်းမာရေးဌာနက စစ်ဆေးဆောင်ရွက်လျက်ရှိနေပြီး ဇွန်လ(၉)ရက်နေ့မှ ဇွန်လ(၂၃)ရက်နေ့အထိ လူဦးရေစုစုပေါင်း(၁၁၅၆)ဦးကို စစ်ဆေးခဲ့ပြီး Positive အတည်ပြုသူ (၂၃၃)ဦး တွေ့ရှိနေရပြီးဖြစ်ပြီး အဆိုပါလူနာများအား လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေး နေရာများ ၌ စောင့်ကြည့်ထားရှိလျက်ရှိနေကြောင်းသိရသည်။
ဇွန်လ(၂၄)ရက်နေ့အထိ စောင့်ကြည့်ရက်ပြည့်၍ ဆေးရုံဆင်းလာသူ (၄၀)ဦးကျော်ရှိနေပြီး ကိုဗစ်−၁၉ ပေါ့စတစ်ဖြင့်သေဆုံးသူ (၂)ဦး ရှိနေကြောင်း ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် ကော်မတီထံကသိရသည်။
ထို့ပြင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွင်း စည်ပင်သာယာရေးဌာနပိုင် လားရှိုး ကြီးဈေးနှင့်အောင်မင်္ဂလာဈေးတို့ကို ဇွန်လ(၂၅)ရက်နေ့မှစတင်ကာ (၂)ပတ်ကြာ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။
ဟန်ဌေး(လားရှိုး)