ထန်းတပင်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ပရိသတ်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ထန်းတပင်(ရန်ကုန်)   ဇွန် ၂၄

စာပေအသိ၊ စာပေတန်ဖိုး၊ လူမှုဘဝမြင့်မားရေးနှင့် အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များစုပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသည့် “ပန်းလိုချင်အပင်ကို ပျိုးတတ်မှ” စာအုပ်မှ “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ”၊ “ပန်းလိုနုနယ်ကလေးငယ်”၊ “ကလေးနှင့်ပတ်ဝန်းကျင်နှင့် ကလေးကိုရိုက်သင့် မရိုက်သင့်” အစရှိသည့်ခေါင်းစဉ်များကို စာကြည့်တိုက်မှူး ဦးကျော်ဇင်ဝင်းနှင့် စာဖတ်ပရိသတ်များက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာပေကိုချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များ အတွက် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အပြင် ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက်စေရေးအတွက်ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်း၊ အွန်လိုင်းမှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြော၊ ကဗျာရွတ်များ စီစဉ်တင်ဆက်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်စာစောင်မျိုးစုံတို့ကိုလည်း စာဖတ်ပရိသတ်များကို ငှားရမ်းဖတ်ရှုနိုင်ရေး ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)