မိုင်းပန် ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက် (၉) နာရီအချိန်က မဟာတေဇာဓိပတိစေတီတော်မြတ်ကြီး၏ ဒုတိယအကြိမ် ဘုရားအနေကဇာတင်နှင့် မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ်များမှ မွေတော်ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကောဝိဒါစာရာဘိပါလ (ဂန္တဝါစကပဏ္ဍိတ) ဆရာတော်ထံမှာ (၉) ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာတော်/သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊ မွေတော်ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်မှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်းနှင့် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များအား ဖိတ်ကြားခြင်းတို့ ဆောက်ရွက်ခဲ့ပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်အပေါင်းမှ မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်/သံဃာတော်များထံသို့ မိုင်းပန်တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်၊ ဂေါပကအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ စေတနာရှင်အလှူရှင်များမှ လှူဖွယ်ရာဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့နောက် မွေတော်ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်မှ ရေစက်ချအနုမောဒနာတရား ချီးမြှင့်ခြင်း၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များအား ပြန်လည်ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားကို ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား သံဃာစုံပြန်လည် ကန်တော့ခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)